ဝက်မှိုလုံးမှ ဝက်မှိုလုံးဆိုရင် ဒါကိုဖတ်ပါ
ဟော့ပေါ့ပဲ သွားစားစား၊ မာလာရှမ်းကောပဲ ကြိတ်ကြိတ် ဝက်မှိုလုံးကို အရင်ဆုံး မှာတတ်တဲ့ အစာတလိုင်းလေးတွေ ဖတ်ထားသင့်တဲ့ ဆောင်းပါးလေးက ဒီမှာပါ။ ဝက်မှိုလုံးစားရတာ ကြိုက်တယ်ဆိုရင်တော့ ကောင်းကျိုး ဆိုးကျိုးလေးတွေကို သိထားတော့ မမှားဘူးပေါ့။ ဒီတော့ ဝက်မှိုလုံးစားရင် ဘယ်လိုတွေ အကျိုးများလို့ ဘယ်အချက်တွေကို သတိထားရမလဲဆိုတာ ဖတ်ကြည့်လိုက်ဦးစို့နော်။
ဝက်မှိုလုံး ဆိုရာဝယ်
ဝက်မှိုလုံးဆိုတာက ပြုပြင်ထားတဲ့ အစားအစာတစ်မျိုး အနေနဲ့ အမြင်ရများပါတယ်။ တကယ်ကတော့ အိမ်မှာပဲ ဝက်သား (အဆီမပါ)၊ ရှီတာကီမှို၊ ပြောင်းမှုန့်၊ ကြက်သွန်ဖြူ၊ သံလွင်ဆီ စတာတွေရောစပ်ပြီး နယ်ထားတာဆိုရင် အာဟာရ ပြည့်ဝပြီး ကျန်းမာစေမှာ အသေအချာပါ။
ဝက်မှိုလုံးမှာ ဘာတွေပါ
အစားအသောက် ကြိုက်သူတိုင်း အကြိုက်တွေ့ကြတဲ့ ဝက်မှိုလုံးမှာ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ဆိုဒီယမ်၊ ရေဓာတ်၊ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် ဘီအုပ်စု၊ သံဓာတ်၊ ဇင့်ဓာတ်စတာတွေ ပါဝင်နေပါတယ်။
ဝက်မှိုလုံး မစားခင် ဒါအရင်ဖတ်ပါ
စားလို့ ကောင်းလို့ အမြဲလိုလို စားဖြစ်တဲ့ ဝက်မှိုလုံးလေးတွေက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ဝက်သားက ပရိုတင်း ရရှိစေပြီး မှိုကနေ ဗီတာမင်တွေ ရရှိစေတာက ကိုယ်ခံအားကို အားဖြည့်ပေးပြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဇင့်ဓာတ် ပါဝင်နေတာကလည်း ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနေပါတယ်။
သွေးအားကောင်းစေတယ်
ဝက်သားမှာ သံဓာတ်ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးပြီး သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးမှာပါ။
သိုင်းရွိုက် ကျန်းမာစေတယ်
ဝက်မှိုလုံးမှာ ဗီတာမင် ဘီအုပ်စု ပါဝင်နေတာက သိုင်းရွိုက်ကျန်းမာစေပြီး သိုင်းရွိုက်လုပ်ဆောင်မှု ကောင်းစေဖို့ အားဖြည့်ကူပေးမှာပါ။ ဆီလီနီယမ်က သိုင်းရွိုက်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ် တစ်မျိုးပါ။
အားရှိစေတယ်
သံဓာတ်နဲ့ အသားဓာတ် ပါဝင်နေတာက ခန္ဓာကိုယ်ထဲမှာ အားအင်တွေ ပြည့်ဝစေဖို့ အများကြီး ထောက်ကူပေးနိုင်မှာပါ။
ကြွက်သားတက်စေတယ်
အဆီမပါဘဲ အသားသီးသန့်နဲ့ပဲ လုပ်ထားတဲ့ ဝင်မှိုလုံးက အဆီကင်းတဲ့ အသားဓာတ်ကို ရရှိစေတာကြောင့် ကြွက်သားတက်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
စိတ်ဖိစီးမှု ကင်းစေတယ်
ဗီတာမင် ဘီအုပ်စု ပါဝင်နေတာက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ဖိအားများတာတွေ သက်သာစေဖို့ စားပေးလို့ ရပါတယ်။
အသားအရေ ကောင်းစေတယ်
ဝက်သားက ကော်လာဂျင် ပါဝင်နေသလို မှိုကလည်း အသားအရေ ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ ဒါကြောင့် ဝင်မှိုလုံး စားပေးတာက အသားအရေ ကောင်းစေဖို့ အထောက်အကူဖြစ်မှာ အသေအချာပါ။
မျက်လုံးကျန်းမာစေတယ်
အမြင်အာရုံအတွက် ဗီတာမင်လို့ တင်စားရလောက်တဲ့ ဗီတာမင် အေ ပါဝင်နေတာကလည်း မျက်လုံးတွေကို အားဖြည့်ပေးပြီး အမြင်အာရုံကောင်းစေဖို့ ထောက်ကူပေးနေပါတယ်။
ဝက်မှိုလုံးက ကျန်းမာရေးကို အခုလို ထောက်ကူပေးတယ်ဆိုပေမယ့် အဆီများမယ်။ တာရှည်ခံဆေးတွေ၊ ဆိုးဆေးတွေ ပါမယ်ဆိုရင်တော့ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က သေချာ ကျက်အောင် ချက်ဖို့ပါ။ သေချာကျက်အောင် မချက်ဘူးဆိုရင် သန်ထတာ၊ အစာအိမ်အူလမ်းကြောင်းပြဿနာတွေ ခံစားရနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်